Monday, 17 September 2007

Unless you can see texts in Myanmar language, please, download Zawgyi-One Font to be installed on your computer by clicking HERE. -----------------------------------------------

ရင်းရဲ(ဘ-က)မူလတန်းကျောင်း

ပညာရေးသည် အသိုက်အ၀န်း အဖွဲ့အစည်း အားလုံး၏ တိုးတက်ရေးအတွက် အခြေခံကောင်း ဖြစ်၏။ ထိုအချက်ကို သိသောကြောင့် အစိုးရမူလတန်းကျောင်း မဖွင့်လှစ်ရသေးသော စစ်ကိုင်းတိုင်း၊ ဒီပဲရင်းမြို့နယ်၊ ရင်းရဲရွာ၌ ဘုန်းတော်ကြီးကျောင်းပညာရေး မူလတန်း ကျောင်းကို

၁၉၉၂-ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်း၏ ရည်ရွယ်ချက်များမှာ

အခွင့်အလမ်း နည်းပါးသည့် ကလေးငယ်တို့၏ ပညာရေးကို မြှင့်တင်ပေးရန် ၊

ကျောင်းသားတိုင်းကို တစ်စုံတစ်ရာ မခွဲမခြားဘဲ အခမဲ့ပညာရေး စီမံပေးရန် နှင့်

၎င်းကလေးငယ်တို့ကို ဗုဒ္ဓတရားတော်နှင့် ထိတွေ့ပေးရန်တို့ ဖြစ်ပါသည်။

ရည်ရွယ်ချက်များနှင့် အညီ ဤမူလတန်းကျောင်း၌ အစိုးရအခြေပညာ မူလတန်းကျောင်း များ၏ သင်ရိုးနှင့် ဗုဒ္ဓဘာသာ သင်္ခန်စားများကို သင်ကြားပေးပါသည်။ လောကီသင်ရိုးများကို လူဝတ်ကြောင်ဆရာများ (ကျောင်းသားဟောင်းများ)က သင်ကြားပေးပြီး ဗုဒ္ဓဘာသာသင်္ခန်းစာများ ကို (စာသင်တိုက်အသီးသီး၌ ပညာသင်ယူဆဲ) ကျေးရွာဇာတိဖွား ဆရာတော်များက အလှည့်ကျ သင်ကြားပေးပါသည်။

ကျောင်းတိုးတက်တည်တံ့ရေးအတွက် အများပြည်သူတို့၏ ထောက်ပံ့မှုကို ခံယူရပါသည်။ ယနေ့အထိ ၁၅-နှစ်တာ ကာလအတွင်း ကျောင်းကို အဓိက ထောက်ပံ့သူများမှာ ရွာသူရွာသားများ ဖြစ်ပါသည်။ ဆရာလစာ, ဆောက်လုပ်ဆဲ ကျောင်းအဆောက်အဦနှင့် ဆောက်လုပ်မည့် စာကြည့်တိုက်တို့အတွက် ရံပုံငွေအဖြစ် ရည်ရွယ်ကောက်ခံသော ကျောင်းသားတစ်ယောက်၏ လစဉ်ကျောင်းဝင်ကြေး (၅၀၀-ကျပ် မှ ၁၀၀၀-ကျပ်အထိ)ကို ကျောင်းသားမိဘများက လှူဒါန်းကြရပါသည်။ နွမ်းပါးသော ကျောင်းသားမိဘများမှာ အနိမ့်ဆုံး လစဉ်ကျောင်းဝင်ကြေး ကိုပင် မထည့်ဝင် မလှူဒါန်းနိုင်ကြပေ။ ထို့ကြောင့် နွမ်းပါး၍ စိတ်အားငယ်တတ်သော ကျောင်းသားတစ်ချို့ ကျောင်းထွက်ထွက် သွားတတ်ကြရာ ကျောင်းသို့ မကြာခဏ ပြန်ခေါ်ရသည်လည်း ရှိပါသည်။ ထိုကျောင်းသားများ၏ ကျောင်းစရိတ်ကို ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးကြရပါသည်။

ဒေသအသီးသီးမှ အလှူရှင်တို့၏ ပံ့ပိုးမှုဖြင့် ကျောင်းသားတိုင်းကို အခမဲ့ ပညာသင်ကြား ပေးနိုင်အောင် စီမံလျက် ရှိပါသည်။ ပြည့်စုံသူတို့၏ တစ်ပိုင်းတစ်စ အပိုအလျှံသည် နွမ်းပါသူတို့ အတွက် အားပေးနှစ်သိမ့်မှု ဖြစ်နိုင်ပေသည်။ ပုံပြင်လေးတစ်ခု ကြားဖူးကြပေလိမ့်မည်။ ‘‘တစ်ခါသော် ကျောင်းသားလူငယ်တစ်ယောက်သည် သူ၏ တံခါးခန်းဆီးစကို ဖြုတ်၍ သူဆင်းရဲ တစ်ယောက်ကို ပေးလိုက်၏။ ‘မေမေရယ် တံခါးပေါက်တွေက အေးတာချမ်းတာကို မခံစားတတ်ပါဘူး။ လူဆင်းရဲတွေကမှ တကယ်ခံစား နေကြရတာပါ’ဟု သူ့အမေကို ပြောနေသည့် လူဆင်းရဲလေးကို ပေးခဲ့ခြင်းဖြစ်သည်။’’ ဤသို့ ကြင်နာတတ်သော လူသားတို့၏ သဘာဝကို ချီးကျူးထိုက် ပေသည်။

တတ်နိုင်သည့်နည်းဖြင့် စွမ်းနိုင်သလောက် ကူညီပံ့ပိုး ပေးခြင်းဖြင့် နွမ်းပါးသည့် ကလေးငယ်တို့၏ ဘ၀ကို မြှင့်တင်ပေးလိုပါက ဒေသအသီးသီး၌ ရှိကြသော ကျောင်း၏ ကိုယ်စားလှယ်များနှင့် ဆက်သွယ်နိုင်ကြ ပါသည်။ နည်းများမဆို ကူပံ့သည့် အလှူများနှင့် ဖြစ်နိုင်ခြေရှိသည့် နည်းပေါင်းစုံ အကြံပေးချက်များသည် ရွာသူရွာသားငယ်တို့၏ အခြေခံပညာရေး အတွက် ဖြူစင်မွန်မြတ်သော အထောက်အပံ့ကောင်းများ ဖြစ်ပါလိမ့်မည်။

ဤကျောင်းနှင့် ဆက်စပ်နေသော အချက်အလက်တစ်ချို့ကို အောက်ပါမာတိကာအတိုင်း ဖော်ပြအပ်ပါသည်။

===================================================

ရင်းရဲကျေးရွာ

လက်ရှိမူလန်းကျောင်းဖြစ်ပေါ်လာပုံ

လက်ရှိကျောင်းကို ဦးစီးတည်ထောင်သူများ

ထောက်ပံ့ရေးအဖွဲ့များ

ကျောင်းသားပွဲတော်များ

စီမံကိန်းများ

ဓာတ်ပုံမှတ်တမ်း

ကျောင်းကိုယ်စားလှယ်အဆက်အသွယ်များ

===================================================

------------------------------

School’s Blog in English

------------------------------